RFA ရေဒီယို ကမ္ဘာ့အကောင်းဆုံး ရေဒီယိုအစီစဉ်ဆု ချီးမြင့်ခံရ
2010-09-27
၂၀၁၀ ပြည့်နှစ်အတွက် New York Festivals အဖွဲ့က ချီးမြှင့်တဲ့ ကမ္ဘာ့ အကောင်းဆုံး ရေဒီယို အစီအစဉ်များ ဆုပေးပွဲမှာ လွတ်လပ်တဲ့ အာရှအသံ RFA ရဲ့ ဗီယက်နမ်နဲ့ မြန်မာဌာန ၂ ခုက ရွှေနဲ့ ကြေးတံဆိပ်တွေ ရရှိပါတယ်။

New York Festivals အဖွဲ့က ချီးမြှင့်သည့် ၂၀၁၀ ကမ္ဘာ့ အကောင်းဆုံး ရေဒီယို အစီအစဉ်များ ဆုပေးပွဲမှာ အခန်းဆက် သတင်းတင်ပြချက် တတိယ အကောင်းဆုံး ကြေးတံဆိပ် ဆွတ်ခူးခဲ့သော RFA မြန်မာပိုင်းအစီအစဉ်မှ ဦးကျော်မင်းထွန်းကို စက်တင်ဘာ ၂၄ ရက်နေ့က ဆုယူပြီး တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာ ၂၄ ရက်နေ့ သောကြာနေ့ညက ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားမှာ RFA မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်ခဲ့တဲ့ မလေးရှားရောက် မြန်မာဒုက္ခသည်တွေနဲ့ လူမှောင်ခိုလုပ်ငန်းများ အခန်းဆက်အစီအစဉ်နဲ့ အကောင်းဆုံး အခန်းဆက် သတင်းတင်ပြချက် (Best Ongoing News Story) ဆုမှာ အကောင်းဆုံး ကြေးတံဆိပ်ဆု (Bronze World Medal) ရရှိပါတယ်။
ဒီဆုပေးပွဲမှာ RFA ဗီယက်နမ်ဌာနက သတင်းထောက်က ခေတ်သစ် လူမှောင်ခိုကူးမှုပြသနာ (New Form of Human Trafficking) အသံလွှင့်အစီအစဉ်နဲ့ အထူးသတင်းတင်ပြမှု (Best Special Report) အကောင်းဆုံး ရွှေတံဆိပ်ဆု (Gold World Medal) ရရှိခဲ့ပါတယ်။
New York Festivals ဆုဟာ ရေဒီယိုအသံလွှင့်လောကမှာ ဂုဏ်သိက္ခာ ကြီးတဲ့ ဆုဖြစ်ပြီး အခုနှစ် ဆုပေးပွဲဟာ အဖွဲ့ရဲ့ ၅၃ ကြိမ်မြောက် ဆုပေးပွဲဖြစ်ပါတယ်။
ညနေ ၆ နာရီကနေ ၁၀ နာရီအထိ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားနဲ့ ညစာစားပွဲမှာ ကမ္ဘာတလွှားက အသံလွှင့်ရေဒီယိုတွေက ညွန်ကြားရေးမှူးတွေ၊ သတင်းထောက်တွေနဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ နယ်သာလန်၊ ဗြိတိန်၊ အိန္ဒိယ စတဲ့ နိုင်ငံကြီးတွေက နာမည်ကျော် ရေဒီယို ဌာနတွေက သတင်းထောက်နဲ့ အစီအစဉ်မှူးတွေ ဆုအသီးသီး ရရှိခဲ့ရာမှာ ကနေဒါနိုင်ငံ တိုရွန်တိုအခြေစိုက် ကနေဒါအသံလွှင့်ဌာန CBC က ဆုတံဆိပ် ၁၇ ဆုနဲ့ ၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရေဒီယိုဆု Broadcaster of the Year ကို ရရှိသွားပါတယ်။
ဒီဆုကို ၂၀၀၉ ခုနှစ်က လွတ်လပ်တဲ့ အာရှအသံ RFA ဟာ ဆု တံဆိပ် ၇ ခုနဲ့ ရရှိခဲ့ပါတယ်။ RFA မြန်မာဌာနက နာဂစ်မုန်တိုင်းသတင်း အဆက်မပြတ် သတင်းတင်ပြမှုနဲ့ Best Ongoing News Story အဖြစ် အကောင်းဆုံး ရွှေတံဆိပ် ရခဲ့ပါတယ်။